အင်းတော် ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့အနေဖြင့် နွေရာသီအားလပ်ရက်များအတွင်း အားကစားနည်း ( ၈ ) မျိုးအား သင်တန်းများ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အင်းတော်မြို့နယ်အနေဖြင့် နိုင်ငံကိုယ်စားပြုထူးချွန်သော အားကစားသမားများပေါ်ထွက်လာရေးအတွက် နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် အားကစားနည်း အမျိုးမျိုးတွင် နိုင်ငံကိုယ်စားပြုလက်ရွေးစင် အားကစားသမားများ မွေးထုတ်ပေး နိုင်ခဲ့သည့် အစဉ်အလာကောင်းများလည်းရှိကြောင်း၊ ထို့အတွက် နှစ်စဉ်နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း အင်းတော် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်မြင့်မြင့်စန်းက ပြောကြားခဲ့သည်။
အင်းတော်မြို့အနေဖြင့် နွေရာသီအားကစားသင်တန်းကို အားကစားနည်း (၈) မျိုး ဖွင့်လှစ်သွားရန် ရည်မှန်းထားရှိပြီး ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ကရာတေး၊ တိုက်ကွမ်ဒို၊ အေရိုးဗစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်စသည့် အားကစားနည်းများကို သင်တန်းဖွင့်လှစ် လေ့ကျင့် သင်ကြားပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်သီဟ