စစ်ကိုင်း ဖေဖော်ဝါရီ ၁
စစ်ကိုင်းမြို့တွင် ပထမဆုံး Sagaing Cinema ရုပ်ရှင်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၁)ရက် နံနက်(၉)နာရီအချိန်က အိုးဘိုရပ်ကွက်၊ အသင်္ခယာ အဝိုင်းပတ်အနီး စစ်ကိုင်း-မုံရွာ ကားလမ်းမကြီးဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ Pacific International ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရုပ်ရှင်ရုံသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြကာ Pacific International ကုမ္ပဏီဥက္ကဋ္ဌ ဦးထွန်းနိုင်က ရုပ်ရှင်ရုံသစ်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။
"စစ်ကိုင်းမြို့ ဒေသခံပြည်သူများရဲ့ တောင်းဆိုချက်အရ ရုပ်ရှင်ရုံသစ်ကြီး ဖွင့်လှစ်ခဲ့ပါတယ် လူဦးရေ (၂၉၇)ဦးခန့် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဈေးနှုန်းများအရ ၁၅၀၀ကျပ်၊ ၂၀၀၀ကျပ်၊ ၂၅၀၀ကျပ်၊ ၃၅၀၀ကျပ်နဲ့ ကျပ်(၈၀၀၀)အထိ သက်မှတ် ရောင်းချပေး ပါတယ် နေ့စဉ်ပြသချိန်(၄)ချိန် လောက်ပြ သဖို့ ရည်ရွယ်ထားကာ ကြည့်ရှုသူ ပရိသတ်အပေါ် မူတည်၍ အချိန် သတ်မှတ်ပြသပေးသွားမှာပါ မြန်မာကားတွေကိုပဲ ဦးစားပေးပြသသွားမှာပါ" ဟု ရုပ်ရှင်ရုံ တာဝန်ခံကပြောပြ၍ သိရသည်။
အဆိုပါ ရုပ်ရှင်ရုံဖွင့်ပွဲနေ့ (၁၂)နာရီအချိန်တွင် ၃(က) ဇာတ်ကားဖြင့် အခမဲ့ပြသပေးသွားမှာ ဖြစ်ပြီး အခြားဇာတ်ကား နမူနာများကိုလည်း ပြသပေးသွားမှာဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)