ဂန့်ဂေါ အောက်တိုဘာ ၂၅
ဂန့်ဂေါမြို့နယ်တွင် မြေပဲကို ဆောင်းရာသီသီးနှံအဖြစ် ယခင်နှစ်ကထက် တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးထားသော ဆောင်းမြေပဲ စိုက်ခင်းများတွင် ပိုးမွှားရောဂါကာကွယ်နှိမ်နင်း နိုင်ရေးအတွက် ပိုးမွှားရောဂါ ကင်းထောက်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ကြရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော်၊ မြို့နယ်သီးနှံကာကွယ်ရေး တာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးသူရဇော်နှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက မောက်လင်းကျေးရွာရှိ ဆောင်းမြေပဲစိုက်ခင်းများသို့ ကွင်းဆင်းစစ်ဆေးပြီး တောင်သူများအား ပိုးမွှားရောဂါ စနစ်တကျ ကာကွယ်နှိမ်နင်းရေး ပညာပေးဆွေးနွေးကြသည်။
ဂန့်ဂေါမြို့နယ်အတွင်း ဆောင်းမြေပဲတွင် ဆင်းပဒေသာ(၆)၊ ဆင်းပဒေသာ(၁၁)နှင့် မကွေး(၁၆) မြေပဲမျိုးများကို စိုက်ပျိုးလေ့ရှိပြီး ယခင်နှစ်က ဆောင်းမြေပဲ (၅၃၃၃) ဧက စိုက်ပျိုးခဲ့ကြောင်းနှင့် ယခုနှစ် ဆောင်းရာသီတွင် ယခင်နှစ်စိုက်ဧကထက် ပိုမိုစိုက်ပျိုးသွားနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်သားမောင်သန်း