စလင်းမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲဆောင်ရွက်

စလင်း ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၃) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်ပြသပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က  အ.ထ.က တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြသပွဲကို ပြုလုပ်ရခြင်းနှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းက ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များ နေ့ထူးနေ့မြတ်ဖြစ်သော အမျိုးသားအောင်ပွဲနေ့ကို သိရှိစေရန်နှင့်တန်ဖိုးထားတတ်စေရန် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အမျိုးသားပညာရေးအကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး နိုင်ငံတော်ကို အကျိုးဖြစ်ထွန်းစေမည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်လာစေရန် ပြောကြားခဲ့ပြီးနောက် တပ်တွင်းဆရာမကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ ပြသထားမှုတို့ကို စိတ်ဝင်တစားဖတ်ရှု လေ့လာကြကြောင်း သိရသည်။

(မောင်လွင်)စလင်း