လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club၊  ပညာရေးဌာနတို့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

လက်ပံတန်း   ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)၊ ပညာရေးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာ မောင်ရင့်မာ (ကျောင်းကုန်း)  ရေးသားသည့် မြဝါးရုံ အက်ဆေးများစာအုပ်အား ယမန်နေ့ မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ လက်ပံတန်းမြို့နယ် စာပေချစ်သူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ စာရေးဆရာ မြင့်သိန်း(ရွှေတောင်-ချည်/ထည်/ချော)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက လူငယ်လူရွယ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာအသုံးပြု၍ အသိပညာဗဟုသုတ ပြန့်ပွားရေး၊ စာပေဖတ်ရှုမျှဝေ ဆွေးနွေးနိုင်ရေးအတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် (Book Club) အဖွဲ့ဝင်များဖြစ်သည့် ဆရာ အောင်သောင်းက မြဝါးရုံခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးမြင့်သိန်းက "ဘယ်သူရှင်ကျန်ရစ်မလဲ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရွှေရောင်အနာဂတ်ကိုယ်ပိုင်ကျောင်းမှ ဆရာမ ဒေါ်စိုးစိုးဦးက "သူတို့ဖြတ်ကျော်သွားခဲ့ကြပါသည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(ကျေးနီ)မှ ဆရာမ ဒေါ်မေဖြူဖြူအောင်က "တောလိုက်မုဆိုးများနှင့် ခရီးအတူသွားခြင်း"စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)