မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၃၃) ကျောင်းတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

မြောက်ဥက္ကလာပ  ဖေဖော်ဝါရီ  ၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၃၃) ကျောင်းတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဆရာမ ဒေါ်ဝင်းဝင်းမြတ် ရေးသားထားသည့် "အ.မ.က(၃၃) ကျောင်းတော်ကြီးသို့ လွမ်းချင်း" သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းဦးနှင့် မိဘဆရာ အသင်းဒုတိယဥက္ကဋ္ဌ ဦးသိန်းမြင့်က အဖွင့်အမှာစကား ပြောကြားခြင်း၊ အ.မ.က(၃၃) ကျောင်းမှ ​ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာအုန်းက အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးသည့် မိဘဆရာအသင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာအုန်းက ​ ပေးအပ်ခြင်း၊ ၂၀၁၈- ၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွင်း ခွင့်ရက် ပျက်ကွက်မှုမရှိသည့် ဆရာမများနှင့် ဘာသာရပ်အလိုက် ထူးချွန်စွာသင်ကြားပေးခဲ့သည့် ဆရာမများအား ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းဦးကဆုများချီးမြှင့်ခြင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အတန်းလိုက်ထူးချွန်ဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ (A) အဆင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ သူငယ်တန်းမှ စတုတ္ထတန်းအထိ (၅) နှစ်ဆက်တိုက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများ က တေးသရုပ်ဖော်များဖြင့်  ဆက်လက် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)