ပွင့်ဖြူ အောက်တိုဘာ ၂၅
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဌ ဦးအောင်စန်းမြင့် က ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် နယ်မြေအလိုက် မဲရုံပြင်ဆင်ခြင်း လုပ်ငန်းနှင့် ဆန္ဒမဲလက်မှတ် ထုတ်ပေးမည့်ကိစ္စရပ်များ ၊ မဲရုံပြင်ဆင်စရိတ် ထုတ်ပေးရေးကိစ္စရပ်များ ၊ ကော်မရှင်အဖွဲ့ဝင် များ တာဝန်ယူဆောင်ရွက်ရမည့် မဲရုံကြီးကြပ်ရေးကိစ္စရပ်များ ၊ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကိစ္စရပ်များ ၊ ခိုင်လုံမဲ ၊ ပယ်မဲ စိစစ်ရေတွက်ခြင်းလုပ်ငန်းများ ၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ အခက်အခဲမရှိ အဆင်ပြေစွာ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်ကိစ္စရပ်များ ၊ မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိရန်ကိစ္စရပ်များကို ကဏ္ဍအလိုက် ချပြရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်တဉ္ဇာစိုး (တဉ္ဇာစိုး) က မြို့နယ်အတွင်း မဲဆန္ဒနယ်မြေ(၁)နှင့် မဲဆန္ဒနယ်မြေ(၂)တွင် လျာထားဆောင်ရွက်ထားရှိသည့် မဲရုံစာရင်းများနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင်ဆောင်ရွက်ပြီးစီးရေး ကော်မရှင်အဖွဲ့ဝင်များ ကြီးကြပ်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ချပြရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိရေးကိစ္စများ ၊ မဲဆန္ဒရှင်ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အညီ အခက်အခဲမရှိ မဲပေးနိုင်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ ၊ ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲလက်မှတ် စိစစ်ရေတွက်ခြင်းလုပ်ငန်းနှင့် ခိုင်လုံမဲ ၊ ပယ်မဲ စိစစ်ရေတွက်ခြင်းလုပ်ငန်းများအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးအောင်စန်းမြင့် က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် မဲရုံပေါင်း(၈၉)ရုံ ၊ မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် မဲရုံပေါင်း(၇၄)ရုံ ၊ စုစုပေါင်း မဲရုံ (၁၆၃)ရုံ လျာထားဆောင်ရွက်ထားရှိကြောင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေမှာ ၁၃၃၉၀၀ ကျော် ရှိကြောင်းနှင့် အဆိုပါ မဲဆန္ဒရှင်စာရင်းများတွင် ချင်းတိုင်းရင်းသားမဲဆန္ဒရှင်ဦးရေ ၁၄၈၀ ဦးကျော် ပါဝင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဌ ဦးအောင်စန်းမြင့် ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )