ကြို့ပင်ကောက် ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အ.ထ.က(ပန်းတင်) အမျိုးသားကျောင်းကြီးတွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၇ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က-ပန်းတင် ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသိဒ္ဓိသုဓမ္မမင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ကြို့ပင်ကောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးမှ ဖတ်ကြားပြီး အ.ထ.က-ပန်းတင် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)