ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည် တံ့ခိုင်မြဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်စာကြည့်တိုက်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက မိမိတို့အနေဖြင့် ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စာဖတ်သူတိုးပွားရေးအတွက် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ပေးရန်၊ အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လာခဲ့ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်စာကြည့် တိုက်များကြီးကြပ်မှုကော်မတီဝင်များ၊ ရပ်ကွက်စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီဝင်များက မိမိတို့ရပ်ကွက် စာကြည့်တိုက်များ၏ လက်ရှိ ဆောင်ရွက်နေမှုအခြေအနေနှင့် အခက်အခဲများ၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ စာအုပ်စာစောင်များ စုဆောင်းရရှိထားမှု အခြေအနေတို့အား အသေးစိတ် ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဝင် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သဇင်ဦးနှင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဝင်များက ခနောင်တိုအနောက်ရပ်ကွက်ရှိ အလင်းရောင်စာကြည့်တိုက်နှင့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မေတ္တာမီးအိမ် စာကြည့်တိုက်များသို့သွားရောက်၍စာကြည့်တိုက် လုပ်ငန်းများဆောင်ရွက် ပေးနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေယံ (IPRD)