ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် သားငါးစားသောက်ကုန်များ လှည့်လည်ရောင်းချမည့် အစီအစဉ်နှင့်စပ်လျဉ်း၍ သတင်းမီဒီယာများအား အသိပေးရှင်းလင်းပွဲကျင်းပ

လမ်းမတော် အောက်တိုဘာ ၂၆

လမ်းမတော်မြို့နယ်  UMFCCI  တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏လမ်းညွှန်မှုအရ မြို့နေပြည်သူ များ၊ မိမိတို့နေအိမ်မှ ကွာဝေးသော ဈေးများသို့  သွားရောက် ဝယ်ယူခြင်းမပြုသည့်အတွက် ကူးစက် ရောဂါပြန့်ပွားမှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သားငါးစားသောက် ကုန်များအား မိမိတို့ရပ်ကွက်တွင်းတွင် ဝယ်ယူရရှိနိုင်စေရေး တို့ကို ရည်ရွယ်၍ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ မြို့နယ်ရပ်ကွက်များအရောက် လှည့်လည်ဈေးရောင်းခြင်း အစီအစဉ်ကို ယနေ့မှစ၍ စတင်ရောင်းချပေးသွားမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ သတင်းမီဒီယာများ အား အသိပေး ရှင်းလင်းပွဲကို ယမန်နေ့ ညနေပိုင်းတွင် Video Conferencing ဖြင့် ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးမြို့တော်ဝန် ဦးမောင်မောင်စိုး ကုန်သည်စက်မှု အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မင်းတို့မှ တက်ရောက်ရှင်းလင်းဆွေးနွေးခဲ့သည်။
နေ့စဉ်ရောင်းချသွားမည့် အစီအစဉ်များအား ကုန်သည်စက်မှုအသင်းချုပ်၏ Facebook Page မှ လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးများမှလည်းကောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးရုံးများမှ အများပြည်သူသိရှိစေရန် ကြေညာဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
လက်လီရောင်းချပေးမည့် စားသောက်ကုန်များမှာ ကြက်သား(CP)၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ အသင့်ထုပ်ပိုးပြီး ရေချို/ ရေငံငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက် မျိုးစုံများဖြစ်ပြီး သက်သာ သော ဈေးနှုန်းများဖြင့် နေ့စဉ်ဈေးကားနှင့် လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ပြီး လူတန်းစားမရွေး ဝယ်ယူနိုင်မည့် အလေးချိန် အရွယ်အစားများကို သက်သာသောဈေးနှုန်းများဖြင့် လက်လီရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့်  လမ်းမတော်(ပြန်/ဆက်)