မကွေး အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မိကျောင်းရဲမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးအောက်ရှိ ကျေးရွာ များ လျှပ်စစ်မီး ရရှိရေးအတွက် အမျိုးသားဓာတ်အားရရှိရေး စီမံကိန်း (NEP) Phase-1 ဖြင့် ဆောက်ရွက်နေသည့် ကျေးရွာများအနက် အောက်တို့ဘာ ၂၃ ရက်နေ့ ညပိုင်းက စတင်၍ မကွေးခရိုင် မိကျောင်းရဲမြို့၊ ဆိပ်သာကျေးရွာတွင် လျှပ်စစ်မီးလင်းပေးနိုင်ခဲ့ပြီးကြောင်း မိကျောင်းရဲ မြို့လျှပ်စစ်မှူး ဦးခင်ရီထံမှ သိရသည်။
အမျိုးသားဓာတ်အားရရှိရေးစီမံကိန်း(NEP)ကို ၂၀၁၅ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ၂၀၃၀ ခုနှစ် အတွင်း တစ်နိုင်ငံလုံးရှိ ကျေးရွာများ ဓာတ်အားရရှိရေး စီမံ ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ဝ.၃၇မိုင် နှင့် (၁၁/ဝ.၄) ကေဗွီ၊၁၀၀ကေဗွီအေ ၁လုံး ထရန်စဖော်မာ တပ်ဆင်တည်ဆောက်ရေး လုပ်ငန်း များကို အမျိုးသားဓာတ်အားရရှိရေး စီမံကိန်း (NEP)အနေဖြင့် တာဝန်ယူ တပ်ဆင် တည်ဆောက်ပေးခဲ့ပြီး ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အား လိုင်း ဝ.၆၈ မိုင် ကို ကျေးရွာနေ ပြည်သူလူထုထည့်ဝင်ငွေဖြင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ နေအိမ်များ အိမ်သုံးမီတာ လျှောက်ထား တပ်ဆင်ခြင်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြာင်း မကွေးခရိုင် မိကျောင်းရဲ မြို့လျှပ်စစ်မှူး ဦးခင်ရီထံမှ သိရသည်။
အဆိုပါကျေးရွာတွင် မကွေးခရိုင် မိကျောင်းရဲ မြို့လျှပ်စစ်မှူး ဦးခင်ရီက လျှပ်စစ်မီးလင်းရေး လုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် ကျေးရွာပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်မီး အသုံးပြုပုံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လျှပ်စစ်အန္တရာယ် ကင်းရှင်း ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဒေသခံကျေးရွာ ပြည်သူ များအနေဖြင့် ကျေးရွာတွင် လျှပ်စစ်မီးရရှိခဲ့ပြီဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်လျက် ရှိကြ ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)