ကဝ ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများ ရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ချောင်းခွ)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ချောင်းခွ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်မာအေးက ကျေးဇူးတင်စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ဦးဆောင်ဆွေးနွေးကာ Grade(6)မှ မောင်ထိန်လင်းဝေက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade(9)မှ မောင်လှိုင်ထက်ကျော်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(8)မှ မဘေဘီထွန်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(8)မှ မမြတ်သီရိစုမွန်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးသွားခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက မိမိတို့ သိရှိလိုသည့် အကြောင်းအရာများကို ခေါင်းစဉ်အလိုက် မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ (၈၀)ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)