မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre တွင် အသွား အလာ ကန့်သတ်ထားသူများတွင် (၃) ဦး ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

ပွင့်ဖြူ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၂၃ ရက်နေ့က တစ်မြို့နယ်လုံးရှိ Facility Quarantine Centre များမှ အသွားအလာကန့်သတ်စောင့်ကြည့်ရသူ(၂၁)ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာ ရယူ၍ ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာန(NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ အောက်တိုဘာ ၂၅ ရက်နေ့ ညနေက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း  Facility Quarantine Centre မှ အသွားအလာ ကန့်သတ်စောင့်ကြည့်ရသူ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦး တို့တွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပွင့်ဖြူ မြို့နယ်ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူများမှာ အောက်တိုဘာ (၁၇) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ် အထည်ချုပ်စက်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းမှ ၎င်းတို့အစီအစဉ်ဖြင့် ကားငှား၍ ပြန်လည် ရောက်ရှိလာပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စီစဉ်ထားရှိသော  ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း  Facility Quarantine Centre တွင် အသွားအလာကန့်သတ် နေထိုင်ခဲ့ကြောင်း ၊ အောက်တိုဘာ (၂၃) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်း များက မြို့နယ်အတွင်း Facility Quarantine များရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရသူ(၂၁)ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာ ရယူ၍ ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာန(NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ အောက်တိုဘာ ၂၅ ရက်နေ့တွင် မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine မှ အသွားအလာကန့်သတ် စောင့်ကြည့်ရသူ အမျိုးသမီး(၂)ဦးနှင့် အမျိုးသား(၁)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်(၁၈)ဦးမှာ ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။  
အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ (၃) ဦးမှာ ပွင့်ဖြူမြို့နယ် ကျွဲခြံကျေးရွာမှ အသက်(၂၈)နှစ်အရွယ် အမျိုးသမီး(၁)ဦး ၊ အသက်(၁၇)နှစ်အရွယ် အမျိုးသမီး(၁)ဦး နှင့် ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာမှ အသက်(၂၃)နှစ်အရွယ် အမျိုးသား(၁)ဦး တို့ ဖြစ်ကြောင်း သိရပြီး ၊ ၎င်း ပိုးတွေ့လူနာ (၃) ဦးကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပွင့်ဖြူမြို့ ၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေး အသင်းမှ ပရဟိတအဖွဲ့က စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre မှ ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း ယာယီ သီးခြားလူနာကုသ ဆောင်သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်၍ လိုအပ်သော ကျန်းမာရေးကုသမှုများ ပြုလုပ် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင် ထံက သိရသည်။   
 ရဲဝင်းနိုင် ( ညောင်ဦး )