နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ဒဏ်ငွေဆောင်စေ‌ကာ အသိပညာပေးခြင်းများ ခရမ်းမြို့တွင် ဆက်လက် ဆောင်ရွက်

ခရမ်း  အောက်တိုဘာ ၂၆

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်က လူစည်ကားရာ နေရာများနှင့် လမ်းဆုံလမ်းခွများတွင်‌ နေ့စဉ်အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ထို့သို့စစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန့်ရေး ကော်မတီဝင်များ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကားများ၊ ဆိုင်ကယ်များ၊ ဆိုက်ကားများနှင့် လမ်းသွားလမ်းလာများတွင် နှာခေါင်းစည်း Mask မတပ်ဆင် သူများအား ဒဏ်ငွေ(၂၀၀)ပေးဆောင်စေ၍ မှတ်တမ်းရေးသွင်းခြင်း၊ တပ်ဆင်ရန်နှာခေါင်းစည်း Mask များထုတ်ပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်လက်၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူများအား နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှရောင်း ချရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချကြရန်တို့အား လက်ကိုင် စပီကာဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)