စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်ကွက်အတွင်း မျိုးကွဲပါဝင်မှု၊ အထွက်နှုန်းနှင့် ပိုးမွှားရောဂါကျရောက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဝန်းသို အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်း​ဒေသကြီး ၊ ​ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ကာလ စီးပွားရေး ကုစားမှု CERP အစီအစဉ်အရ စီးပွားဖြစ်မိုးစပါးမျိုးစေ့ထုတ်ကွက်စိုက်ပျိုးထားသော စိုက်ခင်း များအတွင်း မျိုးကွဲပါဝင် မှု၊ အပင်ပွား၊ အပင်အမြင့်၊ အပင်ကြံ့ခိုင်မှု၊ အထွက်နှုန်းတိုင်းတာခြင်းနှင့် ပိုးမွှား ရောဂါကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ယမန်နေ့က ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ တာဝန်ခံ ​ဒေါ်ကြင်စန်း၊ မြို့နယ်စိုက်ပျိုး ရေးဦးစီဌာန ဦးစီးမှူး ဦးတင့်ဆွေနှင့် စိုက် ပညာရှင် ဝန်ထမ်းများက အဖွဲ့သုံးဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မျိုးစေ့ထုတ်ကွက်စိုက်ပျိုးထားသည့် မယ်ဇလီကျေးရွာ၊ ကန​ဖော့ ကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ အာမခံကျေးရွာ၊ ဩဂကျေးရွာ၊​ ညောင်ပင်သာကျေးရွာနှင့် ကျွန်းကုန်း​ကျေးရွာတို့မှ ​တောင် သူ(၂၈)ဦးတို့၏ ​မှော်ဘီ -၂ စပါးစိုက်ဧက (၈၂) ဧကတို့တွင် မျိုးကွဲပါဝင်မှု ၊ ပင်ပွားအ​ခြေအ​နေ၊ ပိုးမွှားကျ​ရောက်မှုရှိ/မရှိ၊ အပင်ကြံ့ခိုင်မှုအ​​ခြေအ​နေ၊ အထွက်နှုန်းတို့ကို တောင်သူများနှင့်ပူး​ပေါင်း၍တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးခဲ့ရာ   မျိုးကွဲပါဝင်မှု သုညရာခိုင်နှုန်း၊ အပင်ပွား (၉ - ၁၄)၊ ပိုးမွှားကျ​ရောက်မှု မိတ်​ဆွေပိုး များ​တွေ့ရှိ၊ အပင်ကြံ့ခိုင်မှု​ ကောင်း၊ တစ်နှံပါ​အောင်​စေ့ (၄၈ - ၁၄)၊  အထွက်နှုန်း ( ၈၆ - ၁၂၇)တင်းတို့ကို တိုင်းတာတွေ့ရှိရသည်။

ဝန်းသိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် မိုးစပါးစိုက်ဧက ၃၈၉၈၉ ဧက၊ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERPအစီအစဉ်ဖြင့် စီးပွားဖြစ်မိုးစပါး မျိုးသန့်မျိုးစေ့ထုတ်ကွက် ၂၅၀ ဧကနှင့် SRI စိုက်နည်းစနစ်ဖြင့်  ၁၂ ဧကစိုက်ပျိုးထားရှိကြောင်း စီးပွားဖြစ်မိုးစပါးမျိုးသန့်မျိုးစေ့ ထုတ်ကွက် စိုက်ပျိုးထား ရှိသည့် တောင်သူများ အတွက် မျိုးစေ့ဖိုး၊ အပင်ပြုစုလုပ်အားခ၊ မျိုးကွဲ နုတ်ပယ်ခနှင့် မျိုးစေ့သန့်စင်ခအနေဖြင့် စုစုပေါင်းငွေကျပ်  ၃၇၁၆၅၀၀၀သိန်းကို ထောက်ပံ့ ထားရှိပြီး စိုက်ခင်း များမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)