ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask)တပ်ရန် အသိပညာပေးခြင်းနှင့် (mask) မတပ်သူများအား ဒဏ်ကြေးငွေ ပေးဆောင်‌စေခြင်းဖြင့် အရေးယူဆောင်ရွက်

ကွမ်းခြံကုန်း အောက်တိုဘာ ၂၇

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မြို့မဈေးကြီးအတွင်းနှင့် လူအများ သွားလာရာ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် နှာခေါင်းစည်း (mask) တပ်ဆင်လာခြင်း မရှိသူများ၊ စနစ်တကျတပ်ဆင်ခြင်းမရှိသူများအား ဒဏ်ကြေးငွေပေးဆောင်စေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အလေးထား လိုက်နာမှုရှိစေရန် နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နေအိမ်ပြင်ပသွားလာနေသူများအား ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ သွားလာနေခြင်းမှ ရှောင်ရှားရန်၊ တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေထိုင်ရန် အသိပညာပေး နှိုးဆော်ခြင်း၊ အငှား မော်တော်ယာဉ်များ၊ ကိုယ်ပိုင်မော်တော်ယာဉ်များ‌ဖြင့် သွားလာနေသူများအား ရပ်တန့်စေ၍ နှာခေါင်းစည်း (mask) တပ်ထားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက် များကို လိုက်နာရန်တို့ကို အသိပညာပေး နှိုးဆော်ခြင်း၊ အပြင်ထွက်လာသူတိုင်းအား mask တပ်ဆင်ထားခြင်းမရှိပါက ဒဏ်ကြေးငွေ(၂၀၀)ကျပ် ပေးဆောင်စေပြီး mask တစ်ခုပေး၍ ချက်ချင်း တပ်ဆင်ပြီးမှ သွားလာစေခြင်းများကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် များက ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ် အတွင်းပြီးခဲ့သည့် စက်တင်ဘာ(၁၃)ရက်နေ့မှစ၍အောက်တိုဘာ(၂၄)ရက်နေ့အထိ  ကိုဗစ်-၁၉ အတည်ပြု လူနာ(၁၆၀)ဦး တွေ့ရှိခဲ့ပြီး (၄)ဦးသေဆုံး၍ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသော နေရာများတွင် ထားရှိသူ(၁၁၂)ဦးရှိကြောင်းသိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)