ခန္တီး အောက်တိုဘာ ၂၆
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ခန္တီးမြို့နယ်အတွင်း တာဝန်ထမ်းဆောင် မည့် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် ရပ်ကျေးကော်မရှင်အတွင်းရေးမှူးများအား မဲရုံဆိုင်ရာ သင်တန်း ပို့ချခြင်းနှင့် ဆန္ဒမဲပေးပုံ အဆင့်ဆင့်ကို ယမန်နေ့က ခန္တီးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဆန္ဒမဲပေးမည့် ပြည်သူများကို မဲရုံအတွင်းသို့ဝင်လာသည်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ၆ ပေအကွာနေရာသတ်မှတ်ပေးခြင်း၊ ပါးစပ်နှာ ခေါင်းစည်းတပ်ဆင်စေခြင်း၊ လက်သန့်ဆပ်ပြာရည်ဖြင့်သန့်စင်ပြီးမှသာ ဆန္ဒမဲပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မဲရုံဖွင့်လှစ်ခြင်း၊ ပိတ်ခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များအား မဲပေးပုံ အဆင့်ဆင့်၊ ကြိုတင်မဲပုံးအားချိတ်ထားရှိခြင်း၊ ဖွင့်ဖောက်ခြင်း၊ ခိုင်လုံမဲ၊ ပယ်မဲများ စိစစ်ရွေးချယ်ခြင်းစသည့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းအဆင့်ဆင့်ကို သရုပ်ပြဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းအဆင့်ဆင့်ကို သရုပ်ပြသခြင်းသို့ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးနှင့် ခရိုင် / မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ အတွင်းရေး မှူးများနှင့် အဖွဲ့ခွဲဝင် များ တက်ရောကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)