ရွှေတောင် ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက်၊ ကမ်းနားအခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ကမ်းနားအခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသက်ရွှေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူနှင့်ပတ်သက်သော စားသုံးသူ၏ အခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသား (၈)ချက်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှားအားကစား မြန်မာ့သိုင်း (၆၃) ကွက်အား လက်တွေ့သရုပ်ပြသပေးခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများနှင့် ရှေးဦးအရွယ် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခံရခြင်းမှ ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က "မိအေးချက်သည့် ဟင်းတစ်ခွက်" စက္ကူပြဇာတ် ပုံပြင်ကိုကျောင်းသား/ ကျောင်းသူလေးများအား ပြောပြပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်တင်ရးလုပ်ငန်းအဖြစ် စာအုပ်စာစောင်များဖြင့် စာဖတ်စေခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကိုမင်း