မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်း ဆောင်ရွက်

မုဒုံ ဒီဇင်ဘာ ၁၂

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နံရံကပ်ပိုစတာ ပြသဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)  အ.မ.က(ကျိုက်ရွဲ) စာသင်ကျောင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ မုဒုံမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဒေါ်ကေသီစံက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ ဆိုးကျိုးနှင့် အန္တရာယ်အကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းအရာများနှင့် ကျောင်းသား/သူများ လိုက်နာသင့်သည့် အချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ကျောင်းသား/သူ များအား စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးပြီး မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်ပိုစတာများကို ပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)