နတ်တလင်း ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၉နာရီက နတ်တလင်းမြို့၊ အ.မ.က အုတ်တွင်းကုန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဒေါ်လဲ့ဝါမြင့်က စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် လူငယ်များ အမှား/အမှန် ဝေဖန်ပိုင်းခြားတတ်သည့် အသိပညာမြင့်မားတိုးတက်ရေးအတွက် ကျောင်းစာကြိုးစားခြင်းအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာရေးတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးနှင့် ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြောပြခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်စေခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြပြီး စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)