ကော့မှူး ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ညနေ ၄ နာရီက စာပေချစ်မြတ်နိုးသူများ၊ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နောင်တစ်ချိန်တွင် တိုင်းပြည်၏ တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် အသိပညာဗဟုသုတ တိုးပွားစေရန်၊ ကာယ၊ ဉာဏ၊စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများ၊ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင် မဇူးဇူးပြည့်စုံက အမေပေးတဲ့ ဆု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကျော်ကြီးက အမေအိမ်ကို ပြန်တဲ့နေ့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဖြိုးမင်းခန့်က အဖေ့ကဗျာ အဖေ့ရွာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မဇူးဇူးပြည့်စုံက ဦးဆောင်ဆွေးနွေးရာ အသက် အရွယ်ငယ်နုစဉ်တွင် တစ်နှစ်တစ်နှစ်ကို မြန်မြန်ကုန်ဆုံးစေချင်လှကြောင်း၊ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် လူပျိုမဖြစ်တဖြစ်တွင် မိမိထက် တစ်နှစ်၊ နှစ်နှစ်ကြီးသော အစ်ကိုအရွယ်တွေကို တွေ့ရလျှင် အလွန်အားကျကြောင်း၊ ဆံပင်အမောက်ကလေးသလိုက်၊ အင်္ကျီလက်ဖျားအနား ပတ်လေးကို ခေါက်တင်လိုက်၊ ပုဆိုးလေးပြင်ဝတ်လိုက်နှင့် ဟန်ရေးပြနေကြသော ညီအစ်ကိုတစ်ဝမ်းကွဲများကို မြင်တွေ့ရတိုင်း သူတို့လို ဟန်ရေးပြချင်ကြောင်း၊ တကယ့်တကယ် အသက်ကြီးလာပြီဆိုတော့ အချိန်တွေ ကုန်တာမြန်ဆန်လွန်းလှပေကြောင်း၊ တစ်နှစ်တစ်နှစ်ဘယ်လောက်မှ မကြာလိုက်ပါလားဟု ညည်းတွားပြောဆိုရာမှ ယခုတော့ ဆယ်စုနှစ်တစ်ခုတစ်ခုသည်ပင် ဘယ်လောက်မှမကြာပါလားဟု ညည်းညည်းညူညူပြောဆိုရတော့ကြောင်း၊ အမေမကြာမကြာပြောလေ့ရှိသော စကားလေးကို အမြဲသတိရကြောင်း၊ ကိုယ်အလုပ်ကို အသေအချာလုပ်ကြနော်၊ မခိုကြမကတ်ကြနဲ့ လက်လှုပ်မှ ပါးစပ်လှုပ်ရမှာဖြစ်ကြောင်း၊ အမေ့အဆုံးအမအသွန်အသင်တွေနှင့် ကျွန်တော်တို့ ကြီးပြင်းခဲ့ရကြောင်း၊ အဖေရော အမေကပါ ကျွန်တော်တို့ကို ပညာကြိုးစားသင်ယူဖို့ အမြဲသတိပေးကြောင်း၊ အလုပ်ကိစ္စတွေပြီးသည်နှင့် ကိုယ့်စာအုပ်ကလေးတွေနှင့် ကိုယ်နေရာအသီးသီးခွဲ၍ စာကျက်ရကြောင်း၊ ဥစ္စာအမွေမပေးနိုင်ဘူး သားတို့သမီးတို့ရေ၊ ပညာအမွေပဲပေးနိုင်မှာ၊ ဒါကလဲ မင်းတို့ကိုယ်တိုင် ကြိုးစားမှရမှာဟု မကြာခဏ ဆုံးမသွန်သင်ကြကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ဇော် (ကော့မှူး)