သနပ်ပင် ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ဖရဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိုပြာက ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အချက်အလက်များကို အသိပညာပေးဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်မိမိခိုင်က စာပေဖတ်ရှုခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ တိုးပွားပြီး လူနေမှုဘဝ မြင့်တက်လာမှုအကြောင်း ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ကြကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)