ရေနံချောင်း အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အောက်တိုဘာ ၂၅ ရက်ညပိုင်း သတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ၉ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း သတင်းမှန်ပြန်ကြားရေးဆပ်ကော်မတီမှ အတည်ပြုထုတ်ပြန်ခဲ့သည်။
အဆိုပါပိုးတွေ့လူနာ ၉ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့မှ ပြန်လာသူများဖြစ်ပြီး ဝက်မစွတ်ကျေးရွာအုပ်စု ပေတောကျေးရွာမှ အမျိုးသမီး ၆ ဦးနှင့် ရုံးဆိပ် ကျွန်းကျေးရွာအုပ်စု လက်ပံခုံကျေးရွာမှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ဖြစ်သည်။
ယင်းပိုးတွေ့လူနာများမှာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် အသွားအလာကန့်သတ်စောင့်ကြည့် ထားသူများဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသူ ၆၀ ဦး၏ နှာခေါင်း/ အာခေါင် တို့ဖတ် ဓာတ်ခွဲနမူနာများကို အောက်တိုဘာ ၂၃ ရက်နေ့က ရယူပေးပို့စစ်ဆေးခဲ့ရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံသီးခြား အဆောင်တွင်ထားရှိကုသပေးလျက်ရှိသည်။
ရေနံချောင်းမြို့နယ်တွင် အောက်တိုဘာ ၂၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ ၄၃ ဦးရှိပြီဖြစ်ပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး