မတ္တရာ ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့သော သပြေအိုက် ကျေးရွာ၊ ဖြည့်ပုံရွာသစ်ကျေးရွာ၊ မြကန်ကျေးရွာနှင့် ဂွေးပင်ကျေးရွာတို့တွင် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မီးလင်းရေးဖွင့်ပွဲများတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကြိုင်၊ မြို့နယ်လျှပ်စစ် မန်နေဂျာဦးခင်ဇော်၊ ကျေးရွာများမှ တာဝန်ရှိသူများမှ အခမ်းအနားကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားများတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လျှပ်စစ်မန်နေဂျာမှ ကျေးရွာမီးလင်းရေး ကော်မတီများထံသို့ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ပြီး လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ရာ ကျေးရွာမီးလင်းရေး ကော်မတီဝင် များမှ ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။
အဆိုပါ ကျေးရွာများရှိ အိမ်ခြေ (၄၆၀)တွင် (၁၉၁)အိမ် မီးလင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။ “အခုလိုမီးလင်းဖို့ အများကြီးကြိုးစားခဲ့ရပါတယ်။ မီးလင်းရေးအတွက် ပါဝင်ဆောင်ရွက် ပေးကြသူ တွေအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ကျေးရွာမီးလင်းရေး ကော်မတီဝင်တစ်ဦးမှ ပြောသည်။
စိုးကျော်သူထွေး(မတ္တရာ)