ကြို့ပင်ကောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ကြို့ပင်ကောက် ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့်ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောင်ခြင်း စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းလေးက စာဖတ်ဝိုင်းများကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာပေချစ်သူများအသင်း (Book Club)အဖွဲ့ဝင် ဦးဗလက လူငယ်နှင့်အမှားခေါင်းစဉ်အား ဖတ်ကြား၍ မြို့နယ်စာပေ ချစ်သူများအသင်း (Book Club)အဖွဲ့ဝင် ဒေါ်ဇာခြည်လွင်က လူငယ်နှင့် စူးစမ်းလေ့လာမှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် မြို့နယ်စာပေချစ်သူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်သီတာနှင့် ဒေါ်ဝင်းဝင်းတို့က စာရေးသူ၏ ရည်ရွယ်ချက်ဖြစ်သော လူငယ်တွေ၏အစွမ်းဖြင့် ပြည့်စုံကောင်းမွန်သော အနာဂတ်နိုင်ငံတော်နှင့် ကမ္ဘာကြီးအား ပြုပြင်တည်ဆောက်ကြစေလိုသော အချက်အလက်များအား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လစဉ်စာဖတ်ဝိုင်းများ ဆွေးနွေးပွဲစကားဝိုင်းများ ကျင်းပ၍ လူငယ်လူရွယ်များ ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုလာတတ်စေရန် အသိပညာဗဟုသုတ ပြန့်ပွားစေရန်နှင့် စာပေဖတ်ရှုမျှဝေဆွေးနွေးခြင်းဖြင့် စာဖတ်လိုစိတ်များတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)