ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်း ကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ)၏ "နှလုံးသားယဉ်ကျေးမှု စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌ၊ ဆရာမကြီး ဒေါ်ခင်ယုနိုင်၊ အေပရယ်ယုနိုင်(ရွှေတောင်)က အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာ မင်းဓမ္မ(ရွှေတောင်)နှင့် ပေါင်းတည်မြို့နယ်မှ စာပေဝါသနာရှင် ဦးသောင်းထိုက်တို့က မုဒိတာစကားများ အသီးသီး ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော စာပေချစ်သူများက တစ်ဦးချင်း မိတ်ဆက်ကြပြီး စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ)၏  "နှလုံးသားယဉ်ကျေးမှု စာစုများ" စာအုပ်ဖြင့် ဆွေးနွေးကြရာ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌဒေါ်ခင်ယုနိုင်၊ အေပရယ်ယုနိုင် ရွှေတောင်က " မိခင်၏ စွန့်လွှတ်အနစ်နာခံမှု"  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီး ဦးဇော်မင်းက "စည်းလုံးညီညာ အောင်ကြောင်းဖြာ " ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ဆရာကြီး ဦးအုန်းမောင်မောင် အေးငြိမ်း-သရက်က "တန်ဖိုးထား နားလည်တတ်ပါစေ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော မျိုးဆက်သစ်လူငယ်များက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စာရေးဆရာကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးပြီးနောက် ပေါင်းတည်မြို့နယ်မှ စာပေဝါသနာရှင် ဦးသောင်းထိုက်က  ရွှေတောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လှူဒါန်းရာ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)