ကျောင်းသားလူငယ်များ အသိပညာတိုးပွားရရှိစေရေး ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေး

ကန့်ဘလူ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားကျောင်းသူများ၊လူငယ်လူရွယ်များ အသိပညာတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဒီဇင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းမောင်က ပြပွဲ၊ ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ ၊စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ရာ စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာ​ရောက်ငှားရမ်းဖတ်ရှုကြသော ကျောင်းသားကျောင်းသူ ၂၅ ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကျောင်းသားကျောင်းသူလေးများ အသိပညာဗဟုသုတရရှိစေရန် ကာတွန်း၊ပုံပြင်၊ အသိပညာပေးစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကိုလည်းပြသပေးခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု ခဲ့ကြကြောင်းသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)