အင်းတော် အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အတွင်းတွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော မျိုးစေ့ထုတ်စိုက်ကွက်များအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဖုန်းမောင်နှင့် အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်၊ ကသာခရိုင် မျိုးစေ့ တာဝန်ခံ ဒေါ်နော်ဂရေ့နှင့် ကသာခရိုင် စီမံကိန်းတာဝန်ခံ ဦးအေးဝင်းနှင့် သက်ဆိုင်ရာ နည်းပညာ ပေးစင်တာနယ်မြေ အတွင်းရှိ ဝန်ထမ်းများက Field Inseption Campaign ပြုလုပ်၍ ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ( ၁၈၂၀၅ ) ဧက စိုက်ပျိုးထားရှိပြီး စိုက်ပျိုးဆောင်ရွက်သည့် တောင်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် ( ၂၇၂၈ ) သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အင်းတော်မြို့နယ် အတွင်းတွင် CERP အစီ အစဉ်ဖြင့် စိုက်ပျိုးထားရှိသော မျိုးစေ့ထုတ်ကွက် ( ၅၅၀ ) ဧက စိုက်ပျိုးထားရှိကြောင်း၊ မျိုးစေ့ထုတ်ကွက်များအတွင်း ပိုးမွှားများကျရောက်မှု မရှိစေရေး၊ မျိုးကွဲများ ကင်းစင်ရေးအတွက် မျိုးကွဲများအား နှုတ်ပယ်နိုင်ရေး၊ ပေါင်းမြက်ကင်းရှင်း ရေး၊ ရိတ်သိမ်းချိန်တွင် မျိုးကောင်းမျိုးသန့်မျိုးစေ့များ သတ်မှတ်စံချိန် စံညွှန်းနှင့် ကိုက်ညီမှု ရှိစေရေး၊ ရိတ်သိမ်းပြီး မျိုးကောင်းမျိုးသန့် မျိုးစေ့များအား စနစ်တကျ သိုလှောင် သိမ်းဆည်းနိုင်ရေးနှင့် မျိုးကောင်း မျိုးသန့်များ တောင်သူများ လက်ဝယ်သို့ ဖြန့်ဖြူးပေးနိုင်ရေးအတွက် မိမိတို့ အနေဖြင့် အချိန်နှင့် တပြေးညီ ဒေသခံတောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မျိုးစေ့ထုတ်တောင် သူများအနေဖြင့် မျိုးစေ့ထုတ်ကွက်များအတွင်း နည်းပညာ အခက်အခဲများ ရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါကြောင်း၊ မျိုးကောင်း မျိုးသန့်များ ရရှိရေး၊ တောင်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ တောင်သူများအနေဖြင့် ရိတ်သိမ်းချိန်တွင် လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေး၊ ရိတ်သိမ်းပြီးချိန်တွင် ဆောင်းသီးနှံများ ဖြစ်သော နေကြာ၊ မြေပဲ၊ နှမ်း သီးနှံများအား တိုးချဲ့စိုက်ပျိုးရန် လိုအပ်ပါကြောင်း ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဖုန်းမောင်က ပြောပြခဲ့သည်။
အင်းတော်မြို့နယ် အနေဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က မဲဇာစင်တာနယ်မြေအတွင်းရှိ မဲဇာ ကျေးရွာနှင့် အလယ်ဆိပ်ကျေးရွာများရှိ မျိုးစေ့ထုတ်ကွက်များ၊ မြို့မနည်းပညာပေးစင်တာနယ်မြေအတွင်းရှိ မျိုးစေ့ထုတ်ကွက်များ၊ မော်လူးနည်းပညာပေးစင်တာနယ်မြေအတွင်းရှိ မျိုးစေ့ထုတ်ကွက်များအား အဖွဲ့များခွဲကာ မျိုးကွဲပယ်ခြင်း၊ ပင်ပွားစစ်ဆေးခြင်း၊ ပိုးမွှား/ရောဂါ ကျရောက်မှု ကင်းထောက်ခြင်း၊ ကြံ့ခိုင်မှုနှင့် အထွက်နှုန်းတို့ကို Field Inseption Campaign ပြုလုပ်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျော်သီဟ(အင်းတော် ပြန်/ဆက်)