မြိုင်မြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျွဲ၊ နွား၊ ဆိတ်၊ ဝက် ကူးစက်ရောဂါ ကာကွယ်ဆေးထိုး သင်တန်းဖွင့်လှစ်

မြိုင်      ဖေဖော်ဝါရီ       ၂၆

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျွဲ၊ နွား၊ ဆိတ်၊ ဝက် ကူးစက်ရောဂါ ကာကွယ်ဆေးထိုးသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပခုက္ကူခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် မွေးမြူရေး နှင့်ပတ်သက်သော ဗဟုသုတ၊ ကျန်းမာရေး၊ ကုသရေး၊ ကာကွယ်ရေးနှင့် ပတ်သက်သက်သည့် သိထားသင့်သည့် အချက်များကို ပြောကြားခဲ့သည်။ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကျော်မြင့်က သင်တန်းမှူးအဖြစ် သင်တန်းပို့ချရာတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက် ကူးစက်ရောဂါ ကာကွယ်ဆေးအမျိုးမျိုး (ပိုးသေ၊ ပိုးရှင်) ထိုးနှံခြင်းများအကြောင်း၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်များအတွက် ခွါနာလျှာနာ၊ ဒေါင့်သန်း၊ ပေါင်ပုတ်လက်ပုတ်၊ လည်ချောင်းကွဲ၊ ရောဂါများနှင့် ကာကွယ်ဆေးများအကြောင်း၊ ဝက်များအတွက် ဝက်ဝမ်းကျ၊ ဝက်ပုလိမ်၊ ဝက်နားရွက်ပြား ရောဂါများနှင့် ကာကွယ်ဆေးများအကြောင်း၊ ကာကွယ်ဆေးထိုးခြင်း၏ ရရှိမည့်အကျိုးကျေးဇူးများ၊ ကာကွယ်ဆေး စနစ်တကျ ထိုးနှံခြင်းများကို သင်ကြားပို့ချသွားမည် ဖြစ်သည်။

အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ၇ ရက်တိုင်တိုင် ပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျန်းမာရေးလုပ်သားများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

သူရ(ပုံတောင်)