ဒလမြို့နယ်၌ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၂၇၉၄၈ ဦး၊ မသန်စွမ်းမဲပေးခွင့်ရှိသူ ၂၀၀ ကျော်နှင့် မဲရုံပေါင်း ၁၈၂ ရုံ ထားရှိမည်

ရန်ကုန် အောက်တိုဘာ ၂၆


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၂၇၉၄၈ ဦး၊ မသန်စွမ်းမဲပေးခွင့်ရှိသူ ဦးရေ ၂၀၀ ကျော် နှင့် မဲရုံပေါင်း ၁၈၂ ရုံ ထားရှိမည်ဖြစ်ကြောင်း၊  ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆင့်ပွား သင်တန်းကို စက်မြေရပ်ကွက်ရှိ အမှတ်(၁၄) အခြေခံပညာ မူလတန်းကျောင်း၌  အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ ၂၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးသိန်း၊ အတွင်းရေးမှူး ဦးစီးအရာရှိ ဒေါ်ခိုင်နွယ်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက  မဲရုံမှူး၊ ဒုတိယမဲရုံမှူးများကို  စာသင်ခန်း (၁)ခန်းတွင် ၃၀ ဦးထည့်သွင်း၍ စာသင်ခန်း(၄)ခန်းဖြင့် တစ်ရက်လျှင် သင်တန်းသား၊ သင်တန်းသူ (၁၂၀)ဦးစီဖြင့်၊ (၃)ရက်ခွဲ၍ စုစုပေါင်း ၃၆၄ ဦးတို့အား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊  မဲရုံကြိုတင် ပြင်ဆင်ခြင်းနှင့် မဲရုံ လုပ်ငန်းစဉ်များကို အသီးသီးစာတွေ့လက်တွေ့ သရုပ်ပြသင်ကြားပို့ချပေးခဲ့ပြီးဖြစ်ရာ သင်တန်းပြီးမြောက်သည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးတို့မှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ မဲရုံအဖွဲ့ဝင်များကို ထပ်ဆင့်သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ဒလမြို့နယ်၌ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၂၇၉၄၈ ဦးနှင့် မဲရုံပေါင်း ၁၈၂ ရုံ ထားရှိမည်ဖြစ်ကြောင်း၊ တပ်မတော်သား မဲဆန္ဒရှင် ၁၀၄၆ ဦး၊ ကရင်မဲဆန္ဒရှင် ၁၈၁၆ ဦး၊ ရခိုင်မဲဆန္ဒရှင် ၄၁၇ ဦး ၊ မသန်စွမ်းမဲဆန္ဒရှင် ၂၀၀  ဦး ကျော်ရှိကြောင်း၊ ရွေးကောက်ပွဲနေ့တွင်လည်း မဲရုံလုံခြုံရေးအတွက် အထူးရဲ ၁၈၂ ဦးတို့ကို ခန့်အပ်ထားပြီးဖြစ်ကြောင်း၊  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
နိုင်လင်းကျော်(ဒလ)