ဇီးကုန်းမြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံးသုံးပစ္စည်းများနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များထုတ်ပေး

ဇီးကုန်း အောက်တိုဘာ ၂၆

နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်၌ ဖွင့်လှစ်ထားရှိမည့် မဲရုံများတွင် အသုံးပြုရန်အတွက် မဲရုံသုံး ပစ္စည်းများနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို မြို့နယ်အထွေထွေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့နံနက် ၉နာရီမှ စတင်ထုတ်ပေးလျက် ရှိသည်။

မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်မိုးဦး ကြီးကြပ်၍ အဖွဲ့ဝင်များက မဲပုံး၊ ခြင်းတောင်း၊ လျှို့ဝှက်ဆန္ဒပြုခန်း၊ လုံခြုံရေးကြိုး၊ တံဆိပ်တုံး၊ မှင်အိုးနှင့် မဲစာရင်းအပါအဝင် ပစ္စည်း(၁၃)မျိုးနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့ စနစ်တကျ ထုတ်ပေးလျှက်ရှိသည်။ ယနေ့တွင် ဇီးကုန်းမြို့နယ် အနောက်ဖက်ခြမ်း မဲဆန္ဒနယ်အမှတ်(၁)ရှိ  မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု (၁၃)အုပ်စုမှ မဲရုံပေါင်း (၂၇)ရုံ အတွက် အဆိုပါပစ္စည်းများကို ထုတ်ပေးလျက်ရှိပြီး၊ အောက်တိုဘာ ၂၇ ရက်နေ့တွင် မြို့အရှေ့ဖက်ခြမ်း မဲဆန္ဒနယ်အမှတ်(၂)ရှိ ကျေးရွာအုပ်စု (၁၆)အုပ်စုရှိမှ မဲရုံ (၂၈) ရုံအတွက် ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၃၄) အုပ်စုရှိပြီး၊ မဲရုံပေါင်း(၅၅) ရုံတွင် တိုင်းရင်းသား ရေးရာ မဲရုံ(၁၁)ရုံနှင့် မဲရုံအဖွဲ့ဝင် (၇၈၉)ဦးဖြင့် အထွေထွေ‌ရွေးကောက်ပွဲကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယနေ့အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၅၆၈၂၉) ဦး၊ ကရင်တိုင်းရင်းသား လူမျိုးလွှတ်တော်အတွက် မဲပေးခွင့်ရှိသူ(၇၂၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

တင့်ဆွေ(ပြန်ဆက်)