ကျောက်တံခါး အောက်တိုဘာ ၂၆
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် အောက်တိုဘာ (၂၉)မှ နိုဝင်ဘာ(၅)ရက်နေ့ထိ အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်များ ဆန္ဒပေးနိုင်ရေးနှင့် နိုဝင်ဘာ(၆)၊ (၇)ရက်နေ့များတွင် ကြိုတင်ဆန္ဒမဲပေးခြင်းတို့နှင့် ပတ်သက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရေးအတွက် ယနေ့အစည်းအဝေးကို ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ညွှန်ကြားချက်များအား မရှင်းလင်းပါက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များထံ မေးမြန်းနိုင်ကြောင်းတို့ကို ပြောကြားပြီး မြို့နယ ်အဖွဲခွဲအဖွဲ့ဝင် ဦးကျော်ထွေးလွင် နှင့် ဦးသန်းဦးတို့က ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အမိန့်ညွှန်ကြားချက်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ကို ဖတ်ကြားဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးသည် ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲ့အဖွဲ့ဝင်များအနေဖြင့် အခြေခံကျပြီး အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်းပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်လွင်က ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ယင်းသို့ဆောင်ရွက်နိုင်ရေးအတွက် ယခုထဲကမဲရုံများကို ကြိုတင်ပြင်ဆင်ထားရန်တို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်သူများက ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များ အား မေးမြန်းရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြည့်စုံစွာ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရ သည်။
စန်းစန်း(ပြန်/ဆက်)