ပွင့်ဖြူမြို့နယ် ဂါတ်ကုန်းကျေးရွာပြည်သူများ မုန်းချောင်းကမ်းပြိုမှုအန္တရာယ်ကင်းဝေးစေရေး ရေထိန်းရေကာတာ တည်ဆောက်ပေးသွားမည်

ပွင့်ဖြူ    ဖေဖော်ဝါရီ   ၂၆

မကွေးတိုင်းဒေသကြီး၊ ဂါတ်ကုန်းကျေးရွာနေပြည်သူများ မုန်းချောင်းကမ်းပြိုမှု အန္တရာယ်ကင်းဝေးစေရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မုန်းချောင်းကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာလုပ်ငန်းများ အကောင်အထည်ဖော် တည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း(၂၀၀) ဖြင့် တင်ဒါအောင်မြင်သည့် N.H.B.C ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် တင်ဒါရရှိသည့်ကုမ္ပဏီမှ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကစပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်းနဲ့ ပွင့်ဖြူမြို့နယ် ဂါတ်ကုန်းကျေးရွာ ဒေသခံပြည်သူများ နှစ်စဉ်ကြုံတွေ့နေရတဲ့ မုန်းချောင်းကမ်းပြိုကျမှု အန္တရာယ် ကင်းဝေးသွားစေဖို့ ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ ဆောင်ရွက်ပေးမဲ့ ရေထိန်းရေကာတာ လုပ်ငန်းပမာဏကတော့ Groyne Root တည်ဆောက်ခြင်း အလျားပေ ၁၀၀၀ ၊ အနံပေ ၇၀ ၊ သုံးတန်းသွားကျောက်ကြီးဖြည့် အခြေထိန်း ၁၀၀၀ ပေနှင့် သုံးတန်းသွား မျော ကျောက်ကြီးဖြည့် ရေကာတာ ၁၀၀ ပေ (၄)ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါစနစ်နဲ့ N.H.B.C ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးဖို့နဲ့ လုပ်ငန်းအရည်အသွေးပြည့်မီရေးအတွက် ကျွန်တော်တို့ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခု ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ပြီးစီးသွားရင်တော့ ပွင့်ဖြူမြို့နယ် ဂါတ်ကုန်းကျေးရွာရှိ အိမ်ထောင်စု ၂၂၅ စု ၊ လူဦးရေ  ၁၄၀၀  ဦးခန့် နှစ်စဉ်ကြုံတွေ့နေရသည့် မုန်းချောင်းကမ်းပြိုကျမှု အန္တရာယ်ကင်းဝေး သွားစေမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးသူရိန်ထွန်းက ပြောကြားခဲ့ သည်။  

ရဲဝင်းနိုင် ( ညောင်ဦး )