လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ မဲရုံသုံးပစ္စည်းများ စနစ်တကျထုတ်ပေး

လှိုင်းဘွဲ အောက်တိုဘာ ၂၆

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံးသုံးပစ္စည်းများကို ယနေ့နေ့လယ်ပိုင်းကစတင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် စနစ်တကျ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒေါ်အိသဉ္ဇာအောင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲရုံများအတွက် လွှတ်တော် အလိုက် မဲပုံးများ၊ ဆန္ဒပြုခန်း၊ ဆာလာအိတ်၊ ချိပ်ထောင့်၊ ချိပ်ထိုးတံဆိပ်၊ အမှတ်ခြစ်တံဆိပ်၊ လုံခြုံရေးကြိုး၊ ဗီနိုင်း၊ အမှိုက်ပုံး၊ မှင်အိုး၊ မှင်ခွက်၊ ကာဗွန်၊ ဆော့ပင်နှင့် အခြားမဲရုံသုံးပစ္စည်း စုစုပေါင်း(၃၄)မျိုးကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။

လှိုင်းဘွဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၈၅)အုပ်စုတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၃၉၉၈၀)ဦးရှိပြီး မဲရုံ(၁၇၆)ရုံ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)