စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ကြိုတင် ဆန္ဒမဲလက်မှတ်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

ကလေး အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ၌ အသုံးပြုရမည့် မဲရုံသုံး ပစ္စည်း(၃၂)မျိုးနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ယနေ့ နံနက်ပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ စုပေါင်းရုံးခန်းမ၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် မဲရုံသုံးပစ္စည်းများဖြစ်သည့် မဲပုံး၊ ဆန္ဒပြုခန်း၊ ခြင်းတောင်း၊ ချိတ်တံဆိပ်၊ အမှန်ခြစ်တံဆိပ်တုံး၊ လုံခြုံရေးကြိုး၊ ဆာလာအိတ်များ၊ ရပ်ကွက်/‌ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲနှင့် မဲရုံကိုယ်စားလှယ်စတေကာများ၊ အထူးကိုယ်စား လှယ်စတေ ကာများ၊ စာရေးကိရိ ယာပစ္စည်းများ၊ Maskနှင့် လက်သန့်ဆေးရည်များ၊ ‌ရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များ၊ မဲပေးပုံ အဆင့်ဆင့်ဗီဒီယိုခွေများ၊ သိမှတ်ဖွယ်ရာ စာအုပ်များနှင့် စည်းမျဉ်း စည်းကမ်းစာအုပ်များအစရှိသည့် မဲရုံသုံးပစ္စည်းများကို မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဂင်ခန့်ပေါင်နှင့် ကော်မရှင် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြီးကြပ်ကာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌနှင့် အတွင်းရေးမှူးများထံသို့ စနစ်တကျ ထုတ်ပေး ခြင်းဖြစ်ပြီး ယနေ့ ထုတ်ပေးမှုများဖြစ်သည့် မဲလက်မှတ်များသည် ကလေးမြို့နယ်အတွင်းရှိ ကြိုတင် ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူ ၂၈၀၀၀(နှစ်သောင်း ရှစ်ထောင်)ကျော်အတွက် ထုတ်ပေးခြင်းဖြစ်သည်။ ဆက်လက်၍ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြု လုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများအတွက် ဆန္ဒမဲလက်မှတ်များကို နိုဝင်ဘာလ ၅ရက်နေ့တွင် ဆက်လက်ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်တွင် မဲရုံပေါင်း(၁၀၂)ရုံ၊ အမှတ်(၂)မဲဆန္ဒနယ်တွင် မဲရုံပေါင်း (၉၃)ရုံ စုစုပေါင်း (၁၉၅)ရုံရှိကြောင်း သိရပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၈၀၀၀၀(နှစ်သိန်း ရှစ်သောင်း) ကျော်ရှိကြောင်း မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

မာန်လမ့်တွောင်(ပြန်/ဆက်)