ပွင့်ဖြူ ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေတောင်သူများသည် မိသားစုဝင်ငွေတိုးပွားရေးအတွက် ငှက်ပျောသီးနှံများကိုလည်း စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် ဖီးကြမ်းငှက်ပျောများမှာ ပြည်သူများ အကြိုက် တွေ့ကာ ဝယ်ယူအားပေးမှု မြင့်တက်လာသည့်အတွက် ငှက်ပျော ဈေးကွက်တွင် ဖီးကြမ်းငှက်ပျောများ ဈေးကောင်း ရရှိကာ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူများ စီးပွားရေး တွက်ခြေကိုက်နေကြကြောင်း ပွင့်ဖြူမြို့ နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက်ပျိုးတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ငှက်ပျောစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများက ဖီးကြမ်းငှက်ပျောအပြင် ရခိုင်ငှက်ပျော ၊ သူငယ် စာငှက်ပျော၊ ငှက်ပျော(အချဉ်)၊ ရွှေနီငှက်ပျော၊ ဝက်မလွတ်ငှက်ပျော(သီးမွှေး) ၊ ဗျပ်ပြည့်ငှက်ပျောမျိုးနှင့် ဆင်အံငှက်ပျောမျိုးများကို စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ဖီးကြမ်းငှက်ပျောမှာ ဈေးကွက်၌ အရောင်းအဝယ်ကောင်းမွန်နေသည့်အတွက် တောင်သူအများစုက ဖီးကြမ်းငှက်ပျောကို စီးပွားဖြစ် ပိုမိုစိုက်ပျိုးလာခဲ့ကြောင်း သိရသည်။
ငှက်ပျောစိုက်ပျိုးရာတွင် တစ်ကျင်းလျှင် တစ်ပင်မှ နှစ်ပင်အထိ စိုက်ပျိုးကြသလို တစ်ချို့တောင်သူများက တစ်ကျင်းလျှင် လေးပင်အထိ စိုက်ပျိုးကြကြောင်း သိရသည်။ တစ်ကျင်းလျှင် တစ်ပင်စိုက်ပျိုးသည့်သူများက သားတက်မထားဘဲ တစ်သီးရောင်းချပြီးပါက အပင်ခြေရင်းမှ ခုတ်လှဲကာ နောက်ထပ် အသစ် စိုက်ပျိုးကြကြောင်း ၊ အနည်းဆုံးနှစ်ပင်မှ လေးပင်အထိ စိုက်ပျိုးသူများက သားတက်ထားကာ အရင်ဦးဆုံး ငှက်ပျောခိုင်ထွက်ရှိသည့် အပင်အား ခုတ်လှဲ၍ ကျန်သည့် သားတက်ထွက်ရှိမည့်ငှက်ပျောပင်များကို ပြုစုစောင့်ရှောက်ကာ စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။ ငှက်ပျောစိုက်ပျိုး တောင်သူများသည် ငှက်ပျောခြံမှ ထွက်ရှိသည့် ငှက်ပျောများကို ဖောက်သည်လာဝယ်သူများထံ ရောင်းချမှုများရှိသလို တစ်ချို့တောင်သူများကလည်း မင်းဘူး၊ မကွေးမြို့ဈေးသို့ ကိုယ်တိုင်သွားရောက်၍ ရောင်းချကြ ကြောင်း သိရသည်။
ဒီနှစ်က ဖီးကြမ်းငှက်ပျောဈေးကွက်က ပြီးခဲ့တဲ့နှစ်ထက် ဈေးပိုရတော့ ကျွန်တော်တို့မြို့နယ်က ဖီးကြမ်ငှက်ပျောစိုက်ပျိုးတောင်သူတွေ စီးပွားရေး တွက်ခြေ ကိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖီးကြမ်းငှက်ပျောတစ်ဖီးကို ငွေကျပ် (၅၀၀၊ ၆၀၀) ပဲ ရောင်းရတယ်။ ဒီနှစ်မှာတော့ ဖီးကြမ်းငှက်ပျောတစ်ဖီးကို ငွေကျပ် ၁၀၀၀ မှ ၁၂၀၀ အထိ ရောင်းချနေရတယ်။ ကျွန်တော်ဆိုရင် ဒီနှစ်ဖီးကြမ်းငှက်ပျောမျိုးကို တစ်ဧက စိုက်ပျိုးထားပါတယ်။ စိုက်နည်းစနစ်ကတော့ သူများတွေလို တစ်ကျင်းကို တစ်ပင်၊ နှစ်ပင် စိုက်ပျိုးတာမျိုး မဟုတ်ဘဲ တစ်ကျင်းကို လေးပင်နှုန်းနဲ့ တစ်ထောင်ကွာစီ စိုက်ထားတာပါ။ တစ်ဧက ဖီးကြမ်းငှက်ပျောပင် ၁၀၅၀ ပင် ရှိပါတယ်။ ငှက်ပျောစိုက်ပျိုးတဲ့ ကျင်းတစ်ကျင်းစီ အကွာအဝေးကတော့ ရှစ်တောင် ကွာဝေးပါတယ်။ အရင်ဆုံးသီးတဲ့ ငှက်ပျောပင်ကိုတော့ ရောင်းပြီးတာနဲ့ ခုတ်လှဲပစ်ပါတယ်။ သားတက်ထွက်ရှိတဲ့ အပင်ကိုလည်း ပြုစုစောင့်ရှောက်ပြီး စိုက်ပျိုးပါတယ်။ ဖီးကြမ်းငှက်ပျောကို တန်ခူး၊ ကဆုန်လ များတွင် စတင်စိုက်ပျိုးကြပြီး ယခုနှစ်မှာ ဖီးကြမ်းငှက်ပျောဟာ ဈေးကောင်းရရှိတဲ့အတွက် တောင်သူတွေ တွင်ကျယ်စွာ စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူ ဦးမျိုးဝင်းထွန်း က ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )