ခရမ်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်

ခရမ်း ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများစာဖတ်ပရိသတ်များ စာပေကို ပိုမိုချစ်မြတ်နိုးတတ်စေရန်နှင့် စာပေမှ အသိပညာဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "ခိုင်မာ ချမ်းသာစေ ပညာအမွေ" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်၊၊

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး‌နောက် စာဖတ်ဝိုင်းပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် စာပေချစ်သူများအဖွဲ့ဝင် ဦးမင်းဦးက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ )၏ ခိုင်မာချမ်းသာစေ ပညာအမွေ စာအုပ်၏ ကောင်းမွန်သည့် အတွေးအခေါ်များကို သေချာခိုင်မာစွာ တွေးတတ်စေရန်၊ အခြေခံကောင်းမှ အတတ်ပညာ၊ နည်းပညာ အတွေ့အကြုံထဲက ဆည်းပူးခဲ့ဖူးမှ ထိပ်တမ်းနေရာမှာ ရပ်တည်နိုင်ပါကြောင်း၊ ရည်မှန်းချက်နှင့် မျှော်လင့်ချက်ထားရှိသင့်ကြောင်း၊ အလွယ်ဖြတ်လမ်း မလိုက်သင့်ပါကြောင်း၊ စိတ်ဓာတ်ခိုင်မာသင့်ပါကြောင်းနှင့် စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်း‌ဆွေးနွေးခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင် မအေးမြတ်နိုးက ထူးထူးချွန်ချွန် အောင်အောင်မြင်မြင်ဖြစ်အောင် စဉ်းစားဆုံးဖြတ်တတ်ရန် အရေးကြီးပါကြောင်း၊ မိမိကိုယ်တိုင်က စတင်ပြုပြင်အားထုတ်ရမည်၊ ရည်မှန်းချက်တစ်ခုခုကို တိတိကျကျရှိရမည်၊ ထက်သန်ပြင်းပြတဲ့ ဆန္ဒ(ခွန်အား)ရှိရမည်၊ ခိုင်မာသည့် ဆုံးဖြတ်ချက်နှင့် ဇွဲရှိရမည်၊ အပြင်းအထန် ကြိုးစားအားထုတ်သည့် လုံ့လဝီရိယရှိရမည်၊ မိမိ၏ အောင်မြင်မှုကို မိဘ၊ ဆွေမျိုးမှအစ ရပ်ရွာ၊ လူမျိုးနိုင်ငံအကျိုးသို့ မျှဝေပေးမည်ဆိုသော မေတ္တာစေတနာ စိတ်ထားရှိရမည်ဆိုသည့် အကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း (ခရမ်း)