စိုက်ပျိုးရေး‌သိပ္ပံ(သထုံ)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

သထုံ ဒီဇင်ဘာ ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ(သထုံ)တို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးမွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ စိုက်ပျိုးရေးသိပ္ပံ(သထုံ) ဒုတိယကျောင်းအုပ် ဒေါ်သီတာထူးလွင်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပ စာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကျောင်းမှ ကျောင်းသားတစ်ဦးက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား‌/ကျောင်းသူ လေးဦးတို့က "လူငယ်နှင့် ပရဟိတ" "‌လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး" "လူငယ်နှင့် ကိုယ်ကျင့်တရား" "ပလတ်စတစ်ညစ်ညမ်းမှု‌ကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်ထိခိုက်မှု" ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေ ဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့စိုက်ပျိုးရေး‌သိပ္ပံ(သထုံ)ကျောင်းမှ ဒုတိယ‌ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)