ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း၌ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ စက်ရုံ၊အလုပ်ရုံ လုပ်ငန်းများ၊ စျေးဆိုင်များနှင့် နေအိမ်များတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများနှင့် မီးခလုတ်များကို နေ့စဉ်စစ်ဆေး ဆောင်ရွက်ရန်၊ လျှပ်စစ်မီးဖို၊ မီးပူများကို သုံးစွဲပြီးလျှင် (သို့မဟုတ်) လျှပ်စစ်မီးပြတ်တောက်ချိန်တွင် မီးခလုတ်ကိုပိတ်၍ ပလပ်ခေါင်းအား ဖြုတ်ထားရန်၊ ဟောင်းနွမ်းဆွေးမြေ့သော လျှပ်စစ်ဝါယာကြိုးများအား စနစ်တကျ စစ်ဆေးလဲလှယ်ထားရှိရန်၊ လျှပ်စစ်ဒဏ်ခံကြိုး၊ Fuse များကို ခံနိုင်သည်ထက်ပို၍ မထည့်ပါနှင့်၊ လျှပ်စစ်ဝါယာကြိုးများကို ခံနိုင်ဝန်အားထက် ပို၍မသုံးပါနှင့်၊ လျှပ်စစ်ဝါယာရှော့ဖြစ်လျှင် ပင်မခလုတ်ကို ပိတ်၍ ခြောက်သွေ့သောအဝတ်၊ ပိတ်စ စသည်တို့ဖြင့် ရိုက်ပုတ်၍ ဖုံးအုပ်ငြှိမ်းသတ်ပါ၊ ဂတ်(စ်)အိုးများ အသုံးပြုသည့်အခါ ယိုစိမ့်မှုမရှိအောင် ဂတ်(စ်)ပိုက်လိုင်းနှင့် ပိုက်ဆက်ပါ အဖွင့်/ အပိတ် ခေါင်းများအား သေချာစွာ စစ်ဆေးပါ၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်တယ်လီ ဖုန်းနံပါတ်(၁၉၁)၊ တာမွေမြို့နယ်မီးသတ် စခန်းတယ်လီဖုန်းနံပါတ် ၀၁-၅၅၄၈၉၃၊ ၀၁-၅၅၄၈၄၁၊ ၀၁-၅၅၄၇၇၈ သို့ ချက်ချင်းဆက်သွယ် သတင်းပို့ကြရန် စသည်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့်ရည်မှန်းချက်တာဝန်များကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပြီး မကြာမီကာလတွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိတော့မည်ဖြစ်ရာ မြို့နယ်အတွင်းရှိစက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ စျေးဆိုင်များနှင့် နေအိမ်များတွင် မီးလောင်ကျွမ်းခြင်းများ ကင်းဝေးစေရေးအတွက် ယခုလိုမြို့နယ်အတွင်းရှိ လမ်းများအလိုက် မော်တော်ယာဉ်ဖြင့်အသိပေးနှိုးဆော်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အေးမဉ္ဇူ