ဘားအံ ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဒေသအတွင်း ပေါများစွာထွက်ရှိသော သစ်သီးဝလံများကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများ ရရှိစေရန်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းများပေါ်ပေါက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည် ရွယ်၍ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကိုဘားအံခရိုင်၊ Community Centre ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးကြည်က အဖွင့်အမှာစကားပြောကြားပြီး ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက သင်တန်းဖွင့်လှစ်မှု အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့သည်။
သင်တန်းတွင် သီးနှံများပျက်စီးရခြင်းအကြောင်း၊ သီးနှံများကိုတာရှည်ခံအောင်ပြုလုပ်သည့် နည်းလမ်းများ၊ အစားအသောက်များတွင် ထည့်သွင်းအသုံးပြုသည့်တာရှည်ခံဓာတုပစ္စည်းများ၊ သစ်သီးဖျော်ရည် များပြုလုပ်ခြင်း၊ သစ်သီးယိုများပြုလုပ်ခြင်း၊ သစ်သီးဂျယ်လီပြုလုပ်ခြင်း၊ သီးနှံခြောက်များပြုလုပ်ခြင်း၊ သစ်သီး ဆော့ပြုလုပ်ခြင်း၊ ထုတ်ပိုးပစ္စည်းများအကြောင်းတို့ကို ဒီဇင်ဘာလ(၂၆)ရက်နေ့မှ (၃၁)ရက်နေ့ ထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်