တောင်တွင်းကြီး ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ ရင်ပြင်ပေါ်ရှိ ပေလေးပင်ရှင်လေးပါးစံကျောင်းတော်ဖွင့်ပွဲ၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ပွဲနှင့် ရေစက်ချပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပေလေးပင်ရှင်လေးပါးစံကျောင်းဆောင်အား မကွေးတိုင်းဒေသကြီး သံဃနာယကအကျိုးတော်ဆောင်ဆရာတော်၊ တောင်တွင်းကြီးမြို့ ငှက်ပစ်တောင်ကျောင်းတိုက်၏ ပဓာနနာယက၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတ၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ၊ (၁၀၃)တပ်ရင်းမှူးဗိုလ်မှူးကြီးမင်းသိန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဇင်ဦး၊ ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးစံသိန်းတို့က ဗုဒ္ဓသာသနံစိရံတိဌတုရွတ်ဆို ဆုတောင်း၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမှတ်တမ်းအား အမွှေးနံသာရည်များပတ်ဖြန်းကာ ရှင်လေးပါးရုပ်ထုတော်များနှင့် အတ္ထုပ္ပတ္တိကျောက်စာတော်များအား ဖူးမြော်ကြည့်ရှု့ခဲ့သည်။
ဆက်လက်၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ရေစက်သွန်းချပွဲကို ကျင်းပရာ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တစာရိတ္တထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ဆရာတော်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ကာ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဇင်ဦးက တည်ဆောက်မှုလုပ်ငန်းစဉ်များအား လျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တာဝန်ရှိသူများက ပေလေးပင်ရှင်လေးပါးစံကျောင်းတော် ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းတွင် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး သံဃနာယကအကျိုးတော်ဆောင်ဆရာတော်၊ တောင်တွင်းကြီးမြို့ ငှက်ပစ်တောင်ကျောင်းတိုက်၏ ပဓာနနာယက၊ အဂ္ဂမဟာကမ္မဌာနာ စရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတထံမှ အနုမောဓနာတရားနာယူ၍ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)