ကန့်ဘလူမြို့၌ ကံကောင်းနည်းလက်ဆောင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကန့်ဘလူ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမ၌ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသားကျောင်းသူများဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆရာချစ်နိုင်(စိတ်ပညာ)၏ ကံကောင်းနည်းလက်ဆောင်စာအုပ်မှ “စာဖတ်ကျင့်”၊ “စေတနာထားလေကြီးပွားလေ”စသည့်အကြောင်းအရာများကို တက်ရောက်လာသော ကျောင်းသားကျောင်းသူတို့က ဖတ်ကြားဆွေးနွေးခဲ့ကြပြီး စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းသားကျောင်းသူတို့က မိမိတို့၏တွေးတောထင်မြင်ယူဆချက်များကိုလည်း အပြန်အလှန်ဆွေး နွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ကန့်ဘလူခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ စုံလင်စွာဖတ်ရှုနိုင်သော သုတ၊ ရသစာအုပ်များကို လည်း အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)