ဘားအံခရိုင် Community Centre ခန်းမတွင် အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

ဘားအံ ဇန်နဝါရီ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဒေသအတွင်း ပေါများစွာထွက်ရှိသော သစ်သီးဝလံများကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများ ရရှိစေရန်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းများပေါ်ပေါက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ဘားအံခရိုင်၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးကြည်က သင်တန်းဆင်း အမှာစကားပြောကြားပြီးနောက် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက သင်တန်းသား/သူများအနေဖြင့် ယခုသင်တန်းက သင်ကြားပေးလိုက်သည့်သစ်သီးများ ထုတ်ကုန်အမျိုးမျိုး ပြုလုပ်ပုံများ ကိုလေ့လာ သင်ယူပြီးသည့်အတွက် အိမ်တွင်းတစ်ပိုင်တစ်နိုင် စီးပွားရေးများလုပ်ကိုင်ခြင်းဖြင့် လုမှုစီးပွားဘဝ ဖွံ့ဖြိုး လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးကြည်က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးမှ လက်ခံရယူခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက သင်တန်းထုတ်ကုန်ပစ္စည်းများကို ပေးအပ်ရာ သင်တန်းသူ တစ်ဦးက လက်ခံရယူပြီးနောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ယခုဖွင့်လှစ်သော အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် သီးနှံများ ပျက်စီးရခြင်းအကြောင်း၊ သီးနှံများကိုတာရှည်ခံအောင်ပြုလုပ်သည့် နည်းလမ်းများ၊ အစားအသောက်များတွင် ထည့်သွင်းအသုံးပြုသည့်တာရှည်ခံဓာတုပစ္စည်းများ၊ သစ်သီးဖျော်ရည်များပြုလုပ်ခြင်း၊ သစ်သီးယိုများ ပြုလုပ်ခြင်း၊ သစ်သီးဂျယ်လီပြုလုပ်ခြင်း၊ သီးနှံခြောက်များပြုလုပ်ခြင်း၊ သစ်သီးဆော့ပြုလုပ်ခြင်း၊ ထုတ်ပိုးပစ္စည်းများ အကြောင်း စသည့် သင်ခန်းစာများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်