ဂန့်ဂေါမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ဂန့်ဂေါ ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က အသိပညာပေးဟောပြောရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် ရာစုနှစ်နှင့်ချီ၍ အသက်၊ သွေး၊ ချွေးတို့ပေးဆပ်ကာ ရုန်းကန်ကြိုးပမ်းခဲ့ကြသော ဘိုးဘွားတို့၏ ကျေးဇူးတရားတို့ကို အစဉ်အောက်မေ့သတိရကြရန်၊ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သည့် မင်းတရားကြီးများအကြောင်း၊ အင်္ဂလိပ်နယ်ချဲ့အရင်းရှင်များက မြန်မာနိုင်ငံကို ကျူးကျော်သိမ်းပိုက်ခဲ့သည့် အကြောင်းများနှင့် မြန်မာနိုင်ငံလွတ်လပ်ရေး ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ခေါင်းဆောင်ကြီးများ၏ အကြောင်းများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဦးနေမျိုးသူရက ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိဘဝ၏ ရည်မှန်းချက်များကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာကို ကြိုးစားသင်ယူ၍ စာမေးပွဲကြီးအောင်မြင်အောင် ကြိုးစားကြရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေများကိုပါ ဖတ်ရှုလေ့လာမှတ်သားကြရမည်ဖြစ်ကြောင်း စသည်ဖြင့် ဟောပြောခဲ့ကြသည်။

ထို့နောက် ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဟောပြောပွဲသို့  တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် (၁၅၀)စောင်ကို ဖြန့်ဝေ၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရှိရသည်။  

မောင်မျိုးမင်း(ပြန်/ဆက်)