တောင်တွင်းကြီး ဇန်နဝါရီ ၂
ကျောင်းသား/ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးနေ့အကြောင်း လေ့လာသိရှိနိုင်စေရန်နှင့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့ကို တန်ဖိုးထားတက်စေရန် ရည်ရွယ်၍ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်စာပြပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)တွင် ယမန့်နေ့ နေ့လယ်(၁)နာရီခွဲက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဇော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းက လွတ်လပ်ရေး၏ သိကောင်းစရာများ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ရပုံ၊ လွတ်လပ်ရေးနေ့သည့် မမေ့သင့်သည့် နေ့ထူးနေ့မြတ်ဖြစ်ပြီး လွတ်လပ်ရေးဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သည့် စာချုပ်များအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များကို တက်ရောက်လာသည့် အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)မှ Grade-6 ကျောင်းသား/ကျောင်းသူများအား လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များအား စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)