တာမွေ ဇန်နဝါရီ ၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)နှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ကန်းကျွန်းပညာရေးဒီဂရီ ကောလိပ်ပညာနေခြည်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာမ ပေါက်ပေါက်က လူငယ်များအနေဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရန်၊ မိမိတို့နိုင်ငံ၏လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်အတွက် “ထာဝစဉ်မမေ့အပ် ရာဇဝင်နေ့မြတ်” ခေါင်းစဉ်ဖြင့် အသေးစိတ်အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ကျပန်းစကားပြောပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသား၊ ကျောင်းသူများက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက တိုင်းရင်းသားရိုးရာ တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ထူးချွန်ဆုရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က အကဲဖြတ်ဒိုင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများက ခန်းမအတွင်းပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းနှင့် အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ ကျောင်းသား၊ ကျောင်းသူ / လူငယ်လူရွယ်လေးများအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသောယှဉ်ပြိုင်မှုမှတစ်ဆင့် မိမိ၏ရည်မှန်းချက် ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်များ ပေါ်ထွက်လာစေရန်အတွက်ဖြစ်ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)