ဗဟန်း ဇန်နဝါရီ ၃
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုအုန်းက ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနေ့နှင့်ပတ်သက်၍ ဗဟုသုတရရှိစေရန် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြမှုများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများသို့ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယှဥ်ပြိုင်ခဲ့ကြရာ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးခိုင်နှင့် ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသန္တာတို့က အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြသည်။
ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲများကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကြည်ဇေသော်