တောင်ငူမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

တောင်ငူ ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၉) နာရီအချိန်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက လွတ်လပ်ရေးနေ့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောရာတွင် နှစ်စဉ်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများကျင်းပရခြင်း၏ ရည်ရွယ်ချက်များအကြောင်း လွတ်လပ်ရေးနေ့သမိုင်းကြောင်း၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်းနှင့် လွတ်လပ်ရေးကို အစဉ်ထိန်းသိမ်းကာကွယ်ရန်တို့ကို ဆွေးနွေးဟောပြောသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက (၇၆ )နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ တောင်ငူမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)