နတ်မောက် ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ "ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်၊ အမျိုးသားညီညွတ်ရေး (ဗိုလ်ချုပ်အောင်ဆန်း-၂၀-၁-၁၉၄၆ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်) လွတ်လပ်ရေးနှင့် အချုပ်အခြာမျိုးချစ်စိတ်နှင့် ကာကွယ်ပါ၊ မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန်၊ ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ"၊ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၃ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်)၊ မြင်းမူမောင်နိုင်မိုးရေးသားသည့် လွတ်လပ်ရေးဆိုသည်မှာ စသည့် ကဗျာ၊ ကာတွန်းများဖြင့် အရောင်အသွေးစုံလင်စွာ ဝေဝေဆာဆာဖော်ပြပါရှိကြောင်း သိရသည်။
သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသာ/သူများ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နတ်မောက်မြို့နယ်ရုံး ဝန်ထမ်းများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
လှဝင်း