ကြည့်မြင်တိုင်မြို့နယ် အ.လ.က (၂) ကျောင်း၌ လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကြည့်မြင်တိုင် ဇန်နဝါရီ ၃

ကျောင်းသားကျောင်းသူ လူငယ်များ လွတ်လပ်ရေးနေ့အကြောင်း လေ့လာသိရှိနိုင်စေရန်နှင့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို ပိုမိုတန်ဖိုးထားတက်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာလင်းက လွတ်လပ်ရေးဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ လွတ်လပ်ရေးရရှိအောင် ကြိုးစားခဲ့ပုံများအကြောင်း၊ လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သည့် စာချုပ်များအကြောင်း၊ လွတ်လပ်ရေးနေ့တွင်ကျင်းပသည့် ပွဲအခမ်းအနားများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပခဲ့ရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့သည်။ ထို့နောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များအားပြသခဲ့ရာ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)